မာတိကာသို့ ခုန်သွားရန်

ကိုရီးယား ဗုဒ္ဓဘာသာ

ဝီကီပီးဒီးယား မှ
တောင်ကိုရီးယားနိုင်ငံ၊ ကျောက်ဂူအိမ်ဘုရားကျောင်းရှိ ဂေါတမဗုဒ္ဓ ဆင်းတုတော်

ကိုရီးယား ဗုဒ္ဓဘာသာ(ကိုရီးယား: 한국의 불교)သည် တရုတ်ပြည် မဟာယာန ဗုဒ္ဓဘာသာမှ ပြန့်ပွားလာခြင်း ဖြစ်သည်။ အိန္ဒိယတွင် ဗုဒ္ဓဘာသာ ပွင့်ထွန်းလာပြီးနောက် ရာစုနှစ်များစွာ ကြာသော်၊ တိဘက်မှတဆင့် ခရစ် ၁ ရာစုတွင် ပိုးလမ်းမကို ဖြတ်လျက် တရုတ်ပြည်သို့ ရောက်ရှိခဲ့သော မဟာယာနဗုဒ္ဓဘာသာသည် သုံးပြည်ထောင်ကာလ ၃ ရာစုတွင် ကိုရီးယားကျွန်းဆွယ်သို့ စတင် ဝင်ရောက်လာပြီး၊ ယင်းမှတဆင့် ဂျပန်သို့ ဗုဒ္ဓဘာသာ ပြန့်ပွားခဲ့သည်။ ပထမ ခရစ်သက္ကရာဇ် ၃၇၂ တွင် ဂိုဂူလျောတွင် တကြိမ်၊ ၅၂၈ ဆီလာခေတ်တွင် တကြိမ်၊ ၅၅၂ ဘတ်ဂျယ်တွင် တကြိမ် ဗုဒ္ဓဘာသာ သုံးမျိုးသုံးကြိမ် ထွန်းကားခဲ့သည်။[]

ယခုအခါ ကိုရီးယားဗုဒ္ဓဘာသာတွင် ဂျိုဂယယ်ဂိုဏ်း(Jogye)နှင့် ထယ်ဂို(Taego)ဂိုဏ်း ဟူ၍ ၂ ဂိုဏ်း ရှိသည်။ ယင်းတို့မှာ ကိုရီးယားလို ဆွန်းဟု ခေါ်ပြီး၊ ဂျပန်လိုက ဇင်ဂိုဏ်း(Zen)ဟူ၍ သိကြသည်။ ကိုရီးယားဆွန်းသည် တရုတ် ချန်(Chan=တရားထိုင်ခြင်း)မှ ဆင်းသက်လာကာ၊ မဟာယာန အငွေ့အသက်များစွာ လွှမ်းမိုးသည်။ မျက်မှောက်ခေတ်တွင် ချွန်ထယ်(Cheontae)၊ ဂျင်ဂက်(Jingak)နှင့် အသစ် ဖြစ်ပေါ်လာသော ဝန်း(Won) ဂိုဏ်းခွဲများသည်လည်း ယုံကြည်သက်ဝင်သူ များစွာ ရှိသည်။

ကိုရီးယားဗုဒ္ဓဘာသာသည် ကိုရီးယားကျွန်းဆွယ်တွင် ပျံ့နှံ့လာသော ဗုဒ္ဓဘာသာ ဂိုဏ်းခွဲ တမျိုး ဖြစ်၍၊ တရုတ်ဗုဒ္ဓဘာသာ၏ အစိတ်အပိုင်း ဖြစ်ကာ၊ မယာယာနလမ်းစဉ်ကို လိုက်ပြီး၊ တရုတ်ပြည်မှ ဝင်ရောက်လာသည်။ အစောပိုင်းကာလ ပင်မလှုပ်ရှားမှုမှာ ကျမ်းစာ ဘာသာပြန်ဆိုခြင်းနှင့် တရားပြခြင်းတို့ ဖြစ်သည်။ ပြီးမှ ကိုရီးယားယဉ်ကျေးမှုနှင့် ရောယှက်၍ အသွင်တမျိုးဖြင့် ပေါ်ပေါက်လာကာ၊ သီးခြားလွတ်လပ်စွာ ရပ်တည်လာသော မိရိုးဖလာဘာသာ ဖြစ်လာသည်။ ၂၀၀၆ တွင်၊ ကိုရီးယားတပြည်လုံး၌ ဗုဒ္ဓဘာသာဝင်မှာ ၂၄.၄%၊ ခရစ်ယာန်ဘာသာဝင် ၂၆.၁% (ပရိုတင့်စတက် ၁၆.၆%၊ ကက်သလစ် ၉.၅%)၊ အခြားဘာသာဝင် ၁.၄%၊ မည်မည်ရရ ယုံကြည်မှု မရှိသူ ၄၈.၁% ရှိသည်။

တဖက်တွင်မူ၊ တောင်ကိုရီးယားနှင့် ယှဉ်လျှင်၊ ဘာသာမဲ့ဟု လက်ကိုင်ထားသူ မြောက်ကိုရီးယားသည် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ရှေးကအတိုင်းပင် တင်းကြပ်စွာ ကိုင်တွယ်နေဆဲ ဖြစ်သည်။ ဗုဒ္ဓဘာသာကို စစ်မှန်စွာ ယုံကြည်သူ ဦးရေမှာ တောင်နှင့်စာလျှင် အလွန်တရာမှ နည်းပါးသည်။ မြောက်ကိုရီးယားမှ ဘုရားကျောင်းကန်များစွာသည် အမှန်စင်စစ် နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ်အောင် ဆွဲဆောင်သော ရုပ်ပြသက်သက် ဖြစ်လျက် ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Lee Injae, Owen Miller, Park Jinhoon, Yi Hyun-Hae, 2014, Korean History in Maps, Cambridge University Press, pp. 44-49, 52-60.